ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း များ အမှတ်စဉ် (၁၁/၂၀၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈း၀၀)နာရီအချိန် တွင် နေပြည်တော် ဟိုတယ်ဇုန် ရှိ သင်္ဂဟဟိုတယ် GRAND BALLROOM ခမ်းမ၌ ကျင်းပပြု လုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ၀န်ကြီးဌာန၏ ရည်ရွယ်ချက် များ အနက် “ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အတတ်ပညာရပ်များ တိုးတက်ထွန်း ကားစေ၍အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးပွားလာစေရန်´´ ယခုကဲ့သို့ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ) အခမ်းအနားတွင် တက်ရောက်လာ မည့် ဧည့်သည်တော်များ တည်းခိုနေထိုင် စားသောက်ရေး အဆင်ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု မည်ဖြစ် ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းအမှတ်စဉ် (၁၁/၂၀၁၃)တွင် ဧည့်ကြို လုပ်ငန်းသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံ ကျွေးမွေးရေး သင်တန်းနှင့်၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေးသင်တန်းများတွင် စုစုပေါင်း သင်တန်းသားဦးရေ (၂၂၄)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးတာဝန်များကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဆောင်ရွက် သွားရမည်ဖြစ် သဖြင့် နေပြည်တော်သို့ နိုင်ငံခြားသားဧည့်သည်တော် များပိုမိုလာရောက်တည်းခိုနေထိုင် မည်ဖြစ်သည့်အတွက် တည်းခိုနေထိုင်မည့်ဟိုတယ်များတွင် စနစ်ကျသော ၀န်ဆောင်မှုကောင်း များပေးနိုင်အောင် အရည်အချင်းပြည့်မီသော ဟိုတယ်ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေး အတွက် ယခုလို သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ မိမိဂုဏ်သိက္ခာ၊ မိမိဟိုတယ် ဂုဏ်သိက္ခာ၊ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခြင်း မရှိအောင် ဟိုတယ်ဝန်ထမ်းများ၊ တာဝန်ရှိသည့် ဟိုတယ်မန်နေဂျာ၊ အထွေထွေမန်နေဂျာများမှ စေတနာထား ကြိုးစားဆောင်ရွက် သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဒေါက်တာတင်ရွှေ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ဟိုတယ်အထွေထွေ မန်နေဂျာများ၊ သင်တန်းကျောင်းများမှ သင်တန်းနည်းပြ များ နှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် နံနက် (၀၉း၃၀)နာရီအချိန်တွင် ၄င်းဟိုတယ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ) အခမ်းအနားတွင် တက်ရောက်လာမည့် ဧည့်သည်တော်များ တည်းခိုနေထိုင်စားသောက်ရေး အဆင်ပြေစေရေး အတွက် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ) စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ခေါင်းဆောင် Asia Holidays Travels Co.,Ltd မှ Managing Director Mr. Jean Michel Romon ခေါင်းဆောင်သောအဖွဲ့နှင့် နေပြည်တော်ရှိ တည်းခိုမည့် ဟိုတယ် (၃၉)လုံးမှ ဟိုတယ်အထွေထွေ မန်နေဂျာများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။













