( နေပြည်တော်၊ မတ်- ၄ ရက် )
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ဆောင်ရွက်ရန် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ သို့ ရောက်ရှိကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း နှင့်စီးပွားရေးဝန်ကြီး ဦးရမ်မန်း လိုက်ပါလျှက် ကလေးမြို့မှ ထွက်ခွာလာခဲ့ကြရာ ညပိုင်းတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ရောက်ရှိကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့အား လှည့်လည်ကြည့်ရှု့လေ့လာပြီး ဆက်လက်ထွက်ခွာလာခဲ့ကြရာ နံနက်(၁၀း၃၀) နာရီခွဲအချိန်တွင် ဟားခါးမြို့သို့ ရောက်ရှိသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် နေ့လည် (၁း၀၀) နာရီအချိန် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိ မြို့ဖ များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ချင်းပြည်နယ်အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပိတ်ဆို့ ကန့်သတ်မှုများ သဘာဝ ဘေးအန္တရာယ်များ၊ နိုင်ငံရေးပယောဂများကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးခဲ့ရကြောင်း၊ ၂၀၁၁ခုနှစ်၊ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး စံနစ်ပုံစံများ ပြောင်းလဲလာမှုကြောင့် နိုင်ငံတကာနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာနိုင်ခဲ့ရာ ခရီးသွား လုပ်ငန်းအပိုင်းတွင် သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်အတွင်း ခရီးသည် ၀င်ရောက်မှု (၁)သန်းကျော်ရှိခဲ့ပြီး ယခု ၂၀၁၃ခုနှစ်တွင်လည်း ဆက်လက်ဖွံ့ဖြိုးလျှက်ရှိကြောင်း ယခုအခါ ခရီးစဉ်ဒေသများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ခရီးသွားလုပ်ငန်း စံနစ်တကျ တိုးတက် အောင်မြင်စေရန်၊ ၀န်ဆောင်မှု အရည်အသွေးပြည့်ဝကောင်းမွန်ရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများအတွက် ၀န်ဆောင်မှု အရည်အသွေး ပြည့်ဝစေရန် လိုအပ်သည့် သင်တန်းများ ချင်းပြည်နယ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးတွင် ခရီးသွားလုပ်ငန်းသည်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ထိန်းသိမ်းရန် လိုကြောင်းမှာကြားပါသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများမှ ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များကို ဖြေရှင်းဆောင် ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးမြို့ ၀န်းကျင်နှင့် ချင်းပြည်နယ်၊ ယဉ်ကျေး မှုပြတိုက်တို့အား သွားရောက်ကြည့်ရှု့လေ့လာကြရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသကြ ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးနန်ဇမုန်လိုက်ပါလျှက် ဟားခါးမြို့မှ ထွက်ခွာလာခဲ့ကြရာ ညနေပိုင်းတွင်တီးတိန်မြို့သို့ ရောက်ရှိကြပါသည်။ ထို့နောက် တီးတိန်မြို့ ဆောက်လုပ်ရေးရိပ်သာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ် သည်များ ၀ိုင်းဝန်းကုညီပါဝင်ဆောင်ရွက်ကြရန် မှာကြားပြီး တီးတိန်မြို့အတွင်း လှည့်လည် ကြည့်ရှုလေ့ လာကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၃)ရက်နေ့ နံနက်ပိုင်းတွင် တီးတိန်မြို့မှ ထွက်ခွာ လာခဲ့ကြရာ ဟိုင်မွာနယ်စပ်ကုန်သွယ်ရေးစခန်းသို့ရောက်ရှိကြပါသည်။ နယ်စပ်ကုန်သွယ်ရေးစခန်း တွင်ဌာနဆိုင်ရာ တာဝန်ရှိသူများရပ်မိရပ်ဖများလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ ချင်းပြည်နယ် အတွင်းခရီးသွားလုပ်ငန်းများတိုးတက်အောင်မြင်စေရေး လိုအပ်သည်များ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရိဒ်မြို့နယ်ခွဲ နယ်စပ်စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိကြပြီး မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော်လည်ပတ်သွားလာမှု အခြေအနေများ အားလေ့လာမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့သည်ရိဒ်ရေကန်သို့ရောက်ရှိကြပြီး ရေကန်ရေရှည်တည်တံ့အောင်ထိန်း သိမ်းရေး၊ ခရီးသွားဧည့်သည်များ ဘေးအန္တရယ်ကင်းရှင်းစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ခရီးသွားဧည့်သည်များတိုးတက်များပြား လာပါက ဆောင်ရွက် မည့် အစီအမံတို့အား ဒေသခံမြို့မိမြို့ဖများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရိဒ်ရေကန်မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ တီးတိန်မြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြပါသည်။ တီးတိန်မြို့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော တိုင်းရင်းသား ခရီးသွားလုပ်ငန်းရှင် (၂) ဦးတို့မှ (၁) ဦးလျှင် အလှူငွေ ကျပ်(၂၀)သိန်းစီနှင့် စုစုပေါင်း အလှူ ငွေကျပ် (၄၀)သိန်းတို့အား တီးတိန်မြို့နယ် ပြည်သူ့ ဆေးရုံအတွက် လှူဒါန်းကြရာ တီးတိန်မြို့နယ် အုပ်ချုပ်ရေး မှူးမှ လက်ခံရယူပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့မှ ထွက်ခွာလာ ခဲ့ကြရာ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ညနေပိုင်းတွင် ရောက်ရှိကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၄)ရက်နေ့နံနက်ပိုင်းတွင် ကလေးမြို့၊ တာဟန်း ဈေးသို့ ရောက်ရှိကြပြီး ချင်းတိုင်းရင်းသားများ၏ ရိုးရာအ၀တ်အစား အသုံးအဆောင် ပစ္စည်းများ ရောင်းဝယ်နေမှု ရိုးရာအစားအသောက်များ ထုတ်လုပ်ပြင်ဆင်ရောင်းချနေမှုများအား ကြည့်ရှု လေ့လာခဲ့ပြီး ကလေးမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ နေ့လည်ပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
