(နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၈ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်သို့ ရောက်ရှိ ပြီး ပြည်တွင်း ပြည်ပ ပညာရှင်များနှင့်တွေ့ဆုံပြီး Myanmar Tourism Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးသည် J-V ဟိုတယ်နှင့် FDI ဟိုတယ် များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဆူးလေဘုရားလမ်းရှိ Traders Hotel ၌ ကျင်းပပြုလုပ်သော Myanmar Hospitality & Tourism Conference (2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာ စကားပြောကြား ပေးခဲ့သည်။ အဆိုပါ Conference တွင် ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများ၊ ဟိုတယ်စီမံကိန်းများ၊ နိုင်ငံတကာမှ ဟိုတယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံ နိုင်သော ဈေးကွက်သစ်များ ဖော်ထုတ်ခြင်း၊ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ နှင့် အသစ်ထွက်ပေါ်လာနိုင်သော ခရီးစဉ်ဒေသများ၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေများ စသည့် အကြောင်း အရာများအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ Conference ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်အားပေးခဲ့ပြီး Conference အား ဖေဖော်ဝါရီလ (၂၇)၊ (၂၈) ရက်နေ့ များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
