နေပြည်တော်၊ ဖေဖော်ဝါရီ ၉ ရက်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေး၊ တည်းခိုနေထိုင်ရေးနှင့် အစားအသောက်ဧည့်ခံ ကျွေးမွေးရေး ကော်မတီဥက္ကဌဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် ယနေ့နံနက်(၇း၃၀)အချိန်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျှက် နေပြည်တော် ၀ဏ္ဏသိဒ္ဓိရပ်ကွက်၊ အားကစားရွာရှိ အားကစားသမားများ တည်းခိုနေထိုင်မည့် Cluster (၁၀) ခုအားလည်းကောင်း၊ Cluster များရှိ အားကစားသမားများ အား ကျွေးမွေးဧည့်ခံမည့် ထမင်းစားဆောင်များ၊ မီးဖိုဆောင်များအားလည်းကောင်း လိုက်လံ ကြည့်ရှု ခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြ အုပ်ချုပ်သူများ၊ ဒိုင်လူကြီး များ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးကိစ္စများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အားကစားသမားများ တည်းခိုနေထိုင်မည့် (၂)ထပ် အိပ်ဆောင်များတွင်ထားရှိသည့် ပရိဘောဂများ၊ အိပ်ဆောင်သုံးပစ္စည်းများ၊ စားသောက်ခန်းမနှင့် မီးဖိုဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အိပ်ဆောင်များ သန့်ရှင်းသာယာလှပရေး၊ ထမင်းစားဆောင် နှင့် မီးဖိုဆောင်များ သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိစေရေး၊ မီးဘေးအန္တရာယ်မဖြစ် စေရေးတို့ကို ဂရုစိုက်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ အားကစားရွာတွင် Cluster (၁)ခု၌ အဆောက်အဦ (၁၀)လုံးစီဖြင့် Cluster စုစုပေါင်း (၁၀)ခု တည်ဆောက်ထားသည်။အဆောက်အဦး(၁)လုံးတွင်ယူနစ်(၈)ခုပါရှိပြီး(၁)ယူနစ်လျှင် နှစ်ယောက်အိပ်ခန်း (၃)ခန်း ပါရှိသောကြောင့် အားကစားသမား(၄၈)ဦးဖြင့် Cluster တစ်ခုတွင် အားကစားသမားပေါင်း (၄၈၀)ဦး တည်းခိုနေ ထိုင်နိုင်မည်ဖြစ်သည်။ Cluster တိုင်းတွင် ထမင်းစားဆောင် (၁)ဆောင်နှင့် မီးဖိုဆောင် (၁)ခုစီ ပါဝင်ကြောင်း သိရှိရပါသည်။
