(နေပြည်တော်၊ သြဂုတ်လ-၂၇ ရက်)
နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဦးတည်ပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ပြောင်းလဲကျင့်သုံးလာချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနအနေဖြင့်လည်း နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်မှန်းချက်တာဝန် (၄)ရပ်ချမှတ် ၍ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားသားခရီးသည် ၀င်ထွက်မှုစနစ်တကျ လွယ်ကူအဆင်ပြေစေရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်များ စနစ်တကျဖြစ်ရေး၊ ဟိုတယ်နှင့် စားသောက် ဆိုင်များ၏ ၀န်ဆောင်မှုအဆင်အတန်းမြင့်မားစေရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် တည်တံ့အောင်ထိန်းသိမ်းရေးတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် နေရာဒေသဆိုင်ရာ သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာဖြင့် အလွယ်တကူသွားလာလည်ပတ်နိုင်ရေး၊ လိုအပ်သည့် ကူညီမှုများ ရယူနိုင်ရေးတို့အတွက် အလွယ်တကူဆက်သွယ်နိုင်မည့် Tourist Information Counter များအား လေဆိပ်၊ ကားဂိတ်၊ ရေဆိပ်၊ မီးရထားဘူတာရုံနှင့် အချက်အချာကျသည့် နေရာများတွင် ဖွင့်လှစ်ထားလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် Tourist Information Counter (၁၃)ခု ဖွင့်လှစ်ထားပြီး၊ နောက်ထပ် (၆)ခုအား ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၀န်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသခံ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းရှင်များ လိုက်ပါလျက် (၂၄-၈-၂၀၁၂) ရက်နေ့၊ (၁၆း၁၅)နာရီ အချိန်တွင် ရှမ်းပြည်နယ် ညောင်ရွှေ၊ အင်းလေးဒေသရှိ Tourist Information Counter အားလည်းကောင်း၊(၂၅-၈-၂၀၁၂)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ရှမ်းပြည် နယ် တောင်ကြီးမြို့ပေါ် ရှိ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် Tourist Information Counter တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါ Tourist Information Counter များတွင် ဆောင်ရွက်ပေးနေသည့် ဧည့်လမ်းညွှန်ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်း၊ ခရီးစဉ်ရောင်းချခြင်းလုပ်ငန်း၊ ပို့ဆောင်ရေးမော်တော်ယာဉ်များ ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်အခန်းများ ငှားရမ်းပေးခြင်း ၀န်ဆောင်မှုလုပ်ငန်း၊ လေယာဉ်/ရထား/သင်္ဘော လက်မှတ်များ ရောင်းချခြင်း ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ခံများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကို အသေးစိတ် လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့မှ ဆက်လက်ထွက်ခွာခဲ့ရာ နေ့လည် (၁၂း၃၀)နာရီအချိန်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် ဖွင့်လှစ်ထားရှိသည့် Tourist Information Counter တွင် လုပ်ငန်းဆောက်ရွက် နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် Tourist Information Counter တွင် ထားရှိသည့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ဝေထားသော Itineraries & Tariffs ၊ Year Round Calendar ၊ Transportation Rate ၊ Hotel Directory စသည့် လက်ကမ်းစာစောင်များအား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသို့ လုံလောက်စွာ အခမဲ့ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးစဉ်ဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ရှင်းလင်းဖြေကြားပေးနိုင်ရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၁၄း၀၀)နာရီအချိန်တွင် မန္တလေးမြို့ (၂၆x၂၇)ကြား (၆၈)လမ်းရှိ မြန်မာ့ခရီးသွားလုပ်ငန်းရုံးတွင် ဖွင့်လှစ်ထားရှိသည့် Tourist Information Counter ၏ လုပ်ငန်းဆောက်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တာဝန် ထမ်းဆောင်နေ သောဝန်ထမ်းများအား ရင်းနှီးစွာတွေ့ဆုံပြီး ၀န်ထမ်းများ၏တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
(၂၆-၈-၂၀၁၂)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြန်မာ့ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းမှ လုပ်ငန်းဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ နန်းမြိုင် ဟိုတယ်သို့ ရောက်ရှိပြီး ဟိုတယ်ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဟိုတယ်၏အဆင့်အတန်း၊ အရည်အသွေး၊ ၀န်ဆောင်မှုများ မြင့်မားတိုးတက်စေရေး၊ ဘာသာစကားကျွမ်းကျင်မှုနှင့် လုပ်ငန်းကျွမ်းကျင်မှုသည် ၀န်ဆောင်မှု၏အဓိက အခန်းကဏ္ဍမှပါဝင်နေသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ စဉ်ဆက်မပြတ် လေ့ကျင့်သွားကြရန် လိုအပ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လုံခြုံမှု အပြည့်အ၀ရရှိရေး၊ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ တည်းခိုနေထိုင်နိုင်ရေး၊ ကျန်းမာရေးအတွက် အာမခံချက်ပေးနိုင်သည့် နေထိုင်စားသောက်မှုတို့အား ပြည့်စုံကောင်းမွန်စွာ ၀န်ဆောင် မှုပေးနိုင်ရေး၊ မြန်မာလူမျိုးတို့၏ ရင်းနှီးဖော်ရွေမှု၊ ရိုင်းပင်းကူညီတတ်မှု၊ ယဉ်ကျေးပျူငှာမှုတို့အား ခရီးသွား ဧည့်သည် များသိရှိနိုင်စေရန်နှင့် ဟိုတယ်သို့ လာရောက်တည်းခိုသည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များမှတဆင့် မြန်မာနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်အား နိုင်ငံတကာမှသိရှိနိုင်စေရေး ကြိုးစားဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ဟိုတယ်ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်နှင့် ၀န်ကြီးဌာနအတွက် စေတနာထား၍ တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြန်မာဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဂနမာမြိုင်ဟိုတယ်နှင့် သီရိမြိုင်ဟိုတယ်တို့အား သွားရောက်စစ်ဆေး ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
