(နေပြည်တော်၊ သြဂုတ်-၂၄ ရက်)
ရှမ်းပြည်နယ်၊ အင်းလေးဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး ပွဲအား ယနေ့နံနက် (၀၉း၃၀)နာရီအချိန်တွင် ညောင်ရွှေမြို့၊ ဟူပင်ခေါင်တိုင်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်အမှာ စကားပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင်နှင့် တာဝန်ခံအရာရှိများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဌာနတာဝန်ခံအရာရှိများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် အသင်း (၁၁)သင်းမှ တာဝန်ရှိသူများ ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်း ဒေသခံလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အင်းလေးဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို စုစုပေါင်းနေရာ (၅)နေရာတွင် (၅)ကြိမ်မြောက်ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများဖြစ်သည့် ရန်ကုန်-ပုသိမ် (ချောင်းသာ /ငွေဆောင်)၊ ထားဝယ်(ကော့သောင်း)၊ ပုဂံ(ညောင်ဦး)၊ အင်းလေး(တောင်ကြီး)၊ ငပလီစသည့်ဒေသ များတွင် ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး ဆွေးနွေးချက်များမှ ဖော်ထုတ်ရရှိသည့် ရလာဒ်များအား စုစည်း၍ နေပြည်တော်တွင် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ(၁)ခုကို ဆက်လက် ကျင်းပသွား မှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်မှာ ၄င်းနိုင်ငံတွင် လှည့်ပတ်ကြည့်ရှုနိုင်သော ဆွဲဆောင်မှုရှိသည့် ခရီးစဉ်ဒေသများရှိမှသာ ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစားလာရောက်ကြမှာဖြစ်ပါကြောင်း၊ ယခုအချိန်အခါတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ဦးတည်ပြီး ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးကို ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲကျင့်သုံးလာသည့် အချိန်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှလည်း မိမိတို့တွင် ရှိသည့် ဘဏ္ဍာရေးအခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် သဘာဝအခြေခံအရင်းအမြစ်များကို အသုံးပြု၍ မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းကဏ္ဍနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍသည် စီးပွားရေးကို အဓိကအထောက်အကူပြုနိုင်သည့် အဆင့်သို့ မရောက်ရှိသေးသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော အခြားနိုင်ငံများကိုကြည့်ပါက ခရီးသွား လုပ်ငန်းမှရရှိသော ၀င်ငွေသည် ၄င်းနိုင်ငံစီးပွားရေးကဏ္ဍအပိုင်းတွင် အထောက်အကူပြုသည့် လုပ်ငန်း တစ်ခုဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များသည် ၄င်းတို့လာရောက်လည်ပတ် သည့် နိုင်ငံများတွင် ယူဆောင်လာသည့်ငွေးကြေးများကို ကျခံသုံးစွဲကြသဖြင့် ၀င်ရောက်လာသည့် ဧည့်သည်အရေအတွက်ပေါ်မူတည်၍ ၀င်ငွေရရှိပါကြောင်း၊ ၄င်းအပြင်ဒေသအတွင်းရှိ ပြည်သူလူထု အတွင်း အလုပ်အကိုင်အခွင့်အလမ်း၊ နိုင်ငံတကာနှင့်ဆက်ဆံရေးအခွင့်အလမ်း၊ နည်းပညာ အသိပညာ တိုးတက်နိုင်မှုအခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မှုအခွင့်အလမ်းနှင့် ဆင်းရဲမွဲတေမှု ကို လျော့နည်း စေသည့် အခွင့်အလမ်းများကိုပါ ဆင့်ပွားအကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော် အစိုးရအနေဖြင့် (Reform Strategy)ကို ကျင့်သုံးဆောင်ရွက်နေပြီး ပွင့်လင်းမြင်သာသော ပြောင်းလဲမှုလုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုပိုမိုများပြား လာခဲ့ပြီး လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက် တိုးတက်လာခဲ့ရာ ယခုနှစ်တွင် (၅၀%)ခန့် တိုးတက်လာပါ ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံခြားသားခရီးသည် ၀င်/ထွက်မှု စနစ်တကျ လွယ်ကူအဆင်ပြေစေရေး ခရီးသွားလုပ်ငန်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်များ စနစ်တကျဖြစ်ရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ၏ ၀န်ဆောင်မှု အဆင့်အတန်းမြင့်မားစေရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးဟူသော ရည်မှန်းချက် တာဝန်(၄)ရပ်ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးဒေသပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာပြီဖြစ်၍ ပြည်တွင်း/ပြည်ပ/ဒေသ ဟိုတယ်ဇုန် (၁)ခုကို ဒေသဆိုင်ရာအဖွဲ့အစည်းများ အကူအညီဖြင့် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤကဲ့သို့ဖွင့်လှစ်ခြင်းဖြင့် အင်းလေးဒေသတွင် လိုအပ်နေသော ဟိုတယ်အခန်းများကို ဖြည့်ဆည်းပေးနိုင် မျာဖြစ်ကြောင်း၊ ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်ရာတွင်လည်း အင်းလေးကန်၏ စိတ်ဝင်စားစရာကောင်းမှု လှပသာယာမှု သဘာဝကို မထိခိုက်မပျက်စီးစေဘဲ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်းလေးကန်သည် အရှေ့တောင်အာရှဒေသအတွင်း ရှားပါးလှသည့် သဘာဝမှပေးအပ်ထားသော ထူးခြားအံ့သြ စိတ်ဝင်စားဖွယ်ရာ နေရာဒေသ(၆)ခုတွင် (၁)ခုအပါအ၀င်ဖြစ်ကြောင်း၊ အင်းလေးကန်ကြီး မူလသဘာဝ အလှတရားများ မပျက်စီးစေဘဲ အစဉ်သာယာလှပနေစေရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန် တာဝန်မှာအလွန်အရေးကြီးကြောင်း၊ ရှမ်းပြည်နယ်အင်းလေးဒေသ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အမိမြေမှ ပေးအပ်ထားသော သဘာဝလက်ဆောင်မွန် အင်းလေးကန်ကြီးမှာ အထူးအရေးပါသည့် နေရာတွင်တည်ရှိနေပါကြောင်း၊ ၄င်းအင်းလေးကန်ကြီး မတိမ်ကောစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေး၊ မူလသဘာဝအလှတရာများ ပျက်စီးယိုယွင်းမှုမရှိစေရေး၊ ကန်ရေပြင်သန့်ရှင်း ကြည်လင်ရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတို့ကို ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထု၏ စွမ်းအားကို အဓိကထားရယူ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ ကြပ်မတ်ဆောင်ရွက်မှုဖြင့် စုပေါင်းထိန်းသိမ်း ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ အမှာစကားပြောကြားရာတွင် အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၉၁၅)ပေတွင် တည်ရှိပြီး ရှားပါးသည့် သဘာဝ ရေချိုကန်ကြီး(၁)ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်စု (၄၀)ခန့်၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အင်းတိုင်းရင်းသားများ ၏ ခြေထောက်ဖြင့်လှော်သော လှေများ၊ တန်ခိုးကြီး ဘုရားပုထိုးများ၊ ဒေသထွက်ကုန်လက်ဆောင် ပစ္စည်းကြောင့် ရှမ်းပြည်နယ်ဒေသသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားသည့် ခရီးစဉ်ဒေသကြီး (၁)ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားသားဧည့်သည်များ စိတ်ဝင်စားမည့် ခရီးစဉ်နေရာဒေသအသစ်များကို ရှာဖွေဖော်ထုတ်ရန် လိုအပ်သလို အင်းလေးကန်၊ ရေပူစမ်း၊ ထန်စမ်းဂူစသည့် သဘာဝလက်ဆောင်မွန် ခရီးစဉ်ဒေသနေရာများကိုလည်း ရေရှည်တည်တံအောင် ၀ိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာ တွင် ဒေသခံပြည်သူ လူထုနှင့်ပူးပေါင်း၍ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များသည် သက်ဆိုင်ရာဒေသအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ ကြပ်မတ်ဆောင်ရွက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း မှာကြား သည်။
၎င်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြာသော ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ အင်းသားရေးရာဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဌ၊ ကယန်း တိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၀န်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံဟိုတယ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ လုပ်ငန်းရှင်များမှ ၀ိုင်းဝန်းဆွေးနွေးတင်ပြကြပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး(Quick Win) လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအချက်ဖြစ်သည့် နိုင်ငံခြားဧည့်သည် ပိုမို လာရောက်ရေး၊ ကြာကြာနေထိုင်ရေး၊ များများသုံးစေရေးအတွက် စဉ်းစားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ပိုမိုလာရောက်စေရေးအတွက် စိတ်ဝင်စားဖွယ်ရာ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေး၊ ကြာကြာနေထိုင်ရေးအတွက် အဆင့်မီဟိုတယ်များ ဆောက်လုပ်ရေး၊ များများသုံးစေရေးအတွက် ပုံမှန်ခရီးစဉ်လည်ပတ်ကြည့်ရှုခြင်းများအပြင် (Night Life)များ စီစဉ်ဆောင်ရွက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပ/ဒေသဟိုတယ်ဇုန်များ ဖြစ်ပေါ်ရေး၊ (Eco-Tourism) တိုးတက်ဖြစ်ပေါ်ရေး၊ ဧည့်လမ်းညွှန်အပါအ၀င် ၀န်ဆောင်မှု အဆင့်အတန်းမြင့်မားရေး တို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမည့် သင်တန်းများဖွင့်လှစ်ရန် ကိစ္စရပ်များ ကို ဒေသခံအစိုးရအဖွဲ့၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်များသည် ၀န်ကြီးဌာနနှင့်အတူ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး အခမ်းအနားအားရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
