(နေပြည်တော်၊သြဂုတ်လ ၂၂ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ ပုဂံဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ အမှတ်စဉ် (၇/၂၀၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၀၉း၃၀)နာရီအချိန်တွင် ညောင်ဦးခရိုင်၊ ပုဂံမြို့ ဧရာဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး မှ အမှာစကားပြောကြားရာတွင် ၀န်ကြီးဌာန၏ရည်ရွယ်ချက်များအနက် “ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အတတ်ပညာရပ်များ တိုးတက်ထွန်းကားစေပြီး အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရန်” ဟူသောအချက်အရ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ ဟိုတယ်ဇုန်အလိုက် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများကို ယခုကဲ့သို့ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး နောင်တွင်လည်း အလားတူ သင်တန်းများကို နှစ်ပတ်လည်သင်တန်း ပြက္ခဒိန်ရေးဆွဲပြီး ဟိုတယ်ဇုန်အသီးသီးတွင် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ ကိုကြည့်လျှင် အဆိုပါနိုင်ငံများ၌ ခရီးသွားလုပ်ငန်းကဏ္ဍသည် အထူးအောင်မြင်နေသည်ကို တွေ့ရှိ ရမှာဖြစ်ကြောင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူတစ်ရပ်အနေဖြင့် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍသည် သိသိသာသာတိုးတက်လာသည်ကို တွေ့ရကြောင်း၊ ထို့ကဲ့သို့တိုးတက် လာသည်မှာ နိုင်ငံတော်အစိုးရသစ်၏ ပွင့်လင်းမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုများကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ကမ္ဘာသိအောင် ထင်ရှားကျော်ကြားသော ခရီးစဉ်ဒေသများ ကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသားတို့၏ ဖော်ရွေယဉ်ကျေးမှု၊ ရိုးသားပွင့်လင်းမှု၊ တာဝန်ကျေပွန်မှု၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ဆောင်ကျင့်သုံးမှု စသည့်အချက်အလက် များကြောင့် ဖြစ်ပါ ကြောင်းပြောကြားသည်။
ဆက်လက်မှာကြားရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေနှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအချက်(၄)ချက်ဖြစ်သော ခရီးသည်ဝင်ထွက်မှုသည် စနစ် တကျလွယ်ကူအဆင်ပြေစေရေး၊ ခရီးသည်များသွားလာရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် သယ် ယူပို့ဆောင်ရေးယာဉ်များ စနစ်တကျဖြစ်စေရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ အဆင့် အတန်းမြင့်မား စေရေး၊ ခရီးစဉ်ဒေသများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေး စသည်တို့ကို စည်းကမ်းစနစ်တကျနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ ပါကြောင်း၊ ၄င်းအချက်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ်တွင် အခြေခံနေပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရာတွင် ဖွံ့ဖြိုးတိုးတက်မှုကို ရှုဒေါင့်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်အောင် ရည်မှန်းကြိုးပမ်းရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ဌာနအတွက်၊ နိုင်ငံအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်မှာကြားရာတွင် ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုသင် တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ များ၏ ဧည့်သည်များအပေါ် အရည်အချင်းပြည့်မီသော ၀န်ဆောင်မှုပေးနိုင်ခြင်းသည်လည်း အရေးကြီးသောအချက်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ အရည်အချင်းပြည့်မီ သော ၀န်ဆောင်မှုပေးနိုင်ရေးအတွက် အာဆီယံနိုင်ငံများအတွက် သတ်မှတ်ရေး ဆွဲထားသည့် သင်ရိုးညွှန်းတမ်းများကို အခြေခံကာ သင်ကြားပို့ချပေးသွားမှာဖြစ် ပါကြောင်း၊ ပြောင်းလဲနေသောခေတ်နှင့်အညီ ၀န်ဆောင်မှုအသစ်များကို ဖန်တီးနိုင်ရန်အတွက် အင်္ဂလိပ် ဘာသာရပ်နှင့် IT ပညာရပ်များကိုလည်း ဖြည့်စွက်လေ့လာသွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပုဂံဟိုတယ်ဇုန်မှ ဟိုတယ် လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူ (၂၂၀)ဦး တို့တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပါတ်(၄)ပါတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
