(နေပြည်တော်၊ ဇွန်- ၆ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည်အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နော်ဝေနိုင် ငံ အစိုးရတို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်း ပေါင်း (၂၁)ခုကိုလုပ်ကိုင်နိုင်ရန်အတွက် ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာစီမံကိန်းတစ်ခုကို ထုတ်ဖော် လိုက်သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အပြိုင်အဆိုင် လုပ်ကိုင်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသည့်ဒေသများအား ကာကွယ်ရန်နှင့် တိုင်းရင်း သားပြည်သူလူထုအား ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် အထောက် အကူပြု မည်ဖြစ် ပါသည်။
အဆိုပါ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာစီမံကိန်း ထုတ်ဖော်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် နေပြည်တော်ဟိုတယ်ဇုန်၊ အမရဟိုတယ် ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်းရေးဆွဲရေး ကျွမ်းကျင် အဖွဲ့ခေါင်းဆောင် Prof.Dr. Paul Rogers နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒုတိယ ဥက္ကဌ Mr. Stephen Groff တို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်မှ ရှင်းလင်းပြောကြားရာတွင် ယခုမဟာစီမံကိန်း၏ အဓိက အချက်မှာ“ မြန်မာနိုင်ငံ၏ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်ဝန်းကျင်များကို မပျက်စီး၊ အန္တရာယ်မကျရောက်စေဘဲ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်း အား ကြိုဆိုခြင်း ´´ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေး ၊ နိုင်ငံရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်း ပါက နိုင်ငံတကာ မှ နိုင်ငံခြား သားဧည့်သည်လာရောက် လည်ပတ်မှုသည် ၂၀၂၀ ခုနှစ် တွင် (၇.၅)သန်းအထိ တိုးမြှင့်လာပြီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်း (၁.၄)သန်းခန့် စီမံပေးနိုင် မည်ဖြစ်ပါကြောင်း ရှင်း လင်းပြောကြားသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒုတိယ ဥက္ကဌ Mr. Stephen Groff ရှင်းလင်းပြောကြား ရာတွင် ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အဓိကဒေါက်တိုင် တစ်ခု ဖြစ် လာမှာဖြစ်ပြီး ဆင်းရဲ သောဒေသတွင် နေထိုင်ကြသည့် ပြည်သူ လူထုအပါ အ၀င် မြန်မာနိုင်ငံ သားများအတွက် လေးနက်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် အလား အလာရှိပါကြောင်း၊ ယခုဆောင်ရွက်မည့် အစီအစဉ်မှာ ရေရှည်မျှော်မှန်းချက်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ တစ်ဆင့် လူမှုရေးနှင့် စီပွားရေးကဏ္ဍများ ညီတူညီမျှ တိုးတက်မှုဖြစ်ပေါ်လာအောင် ဖြည့်ဆည်းပေးနိုင်ရန် အတွက်ခိုင်မာသော အစပျိုး မှုများ ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါစီမံကိန်းသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ထိန်းသိမ်းစောင့်ရှောက်ရေး ရဲတပ်ဖွဲ့အသစ် ဖွဲ့စည်းရန် ဖော်ပြထားပြီး အဆိုပါအဖွဲ့သည် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ကာကွယ် စောင့်ရှောက်ရန်သာမက ကလေးသူငယ် လူကုန်ကူးခြင်းနှင့် လိင်ခရီးသွားလုပ်ငန်း များအား တားဆီးရန် ဖြစ်ပါကြောင်း၊ ၄င်းအပြင် ဒေသခံလုပ်သားပြည်သူများ သည် နိုင်ငံခြား သားခရီးသွားဧည့်သည်များ အစုလိုက် အပြုံလိုက်ရောက်ရှိလာပါက စနစ်တကျ ကိုင် တွယ်ဖြေရှင်းနိုင်ရန်နှင့် ၄င်းတို့၏ လူမှုအသိုင်းအ၀ိုင်းတွင် ခရီးသွားလုပ်ငန်းများ ထိန်းသိမ်း ထားနိုင် ရန်အတွက် တိုင်းရင်းသား ပြည်သူများ ဦးဆောင်ပြုလုပ်သည့် လူထုအခြေပြု ခရီးသွား လုပ်ငန်း စမ်းသပ်စီမံကိန်းများအား လုပ်ဆောင်ရန် အကြံပြု ထားပါသည်။
သတင်းစာရှင်းလင်းပွဲသို့ CNA, RFA, MRTV, MI, Sky Net ရုပ်သံလိုင်း သတင်းထောက် များနှင့် TheVoice,The Daily Eleven News,7Day,Myanmar Times,Nikkei, May Myanmar,Street View Journel,Peninsula Press ဂျာနယ်သတင်းထောက် များ တက်ရောက်ကြပြီး သိရှိလို သည်များအား မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ Prof.Dr. Paul Rogers နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒုတိယ ဥက္ကဌ Mr. Stephen Groff တို့မှ ရှင်းလင်းဖြေကြားခဲ့ကြောင်းသတင်းရရှိသည်။







